ကျန်းမာရေးကိုအလေးထားလာသည့်စားသုံးသူများ ပိုမိုများပြားလာခြင်းနှင့်အတူ အာဟာရကြွယ်ဝသည့် နေကြာပင်ပေါက်စိုက်ပျိုးမှုနှင့် စားသုံးမှုသည် လတ်တလောတွင် လူထုများအကြား စိတ်ဝင်စားမှု တဖြည်းဖြည်း မြင့်တက်လာကြောင်း သိရသည်။
နေကြာပင်ပေါက်(Sunflower Microgreens)သည် နေကြာစေ့များကို မြေဩဇာ သို့မဟုတ် အမှုန့်ကြိတ်ထားသော အုန်းခွံနှင့် ရောနှောထားသည့်မြေကြီးအပေါ်တွင် စီစီရီရီဖြန့်ကျဲစိုက်ကာ ရေဖြန်းပေးပြီး ၇ ရက်မှ ၁၂ ရက်ခန့်အတွင်း ရိတ် သိမ်းနိုင်သည့် အပင်ပေါက်အမျိုးအစားဖြစ်သည်။ အချိန်တိုတောင်းပြီး နေရာကျဉ်းများတွင်လည်း အလွယ်တကူ စိုက်ပျိုးနိုင်သောကြောင့် အိမ်တွင်းစိုက်ပျိုးမှုအဖြစ်လည်း လူကြိုက်များလာသည်။
စိုက်ပျိုးရာတွင် အရည်အသွေးကောင်းမွန်သည့် နေကြာစေ့များကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပြီး မျိုးစေ့များကို ၈ နာရီမှ ၁၂ နာရီခန့် ရေစိမ်ထားပြီးနောက် စိုက်ပျိုးရသည်။ စိုက်ပြီး ပထမ ၂ ရက်မှ ၃ ရက်အတွင်း အလင်းရောင်တိုက်ရိုက်မရရှိစေဘဲ အပူချိန်နှင့်စိုထိုင်းဆကို ထိန်းသိမ်းပေးရသည်။ အပင်ပေါက်လာပြီးနောက် နေရောင်ခြည်အလင်းရောင် သို့မဟုတ် LED Grow Light အောက်တွင်ထားရှိကာ နေ့စဉ်ရေ ဖြန်းပေးပါက အရည်အသွေးကောင်းမွန်သည့် အရွက်အစိမ်းရောင် နေကြာပင်ပေါက်လေးများကို ရရှိနိုင်ပါသည်။
Sunflower Microgreens သည် ရင်းနှီးမြှပ်နှံမှုနည်းပါးပြီး ရိတ်သိမ်းချိန်တိုသောကြောင့် ဝင်ငွေ အမြန်ပြန်လည်ရရှိနိုင်သည့် သီးနှံတစ်မျိုးဖြစ်ကာ ဈေးကွက်လိုအပ်ချက်လည်း တဖြည်းဖြည်းတိုးလာနေကြောင်း သိရသည်။
Sunflower Microgreens များကို ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် ကျန်းမာရေး အစားအစာရောင်းချသည့်ဆိုင်များက အဓိကဝယ်ယူအသုံးပြုလျက်ရှိပြီး အသုပ်၊ Sandwish ၊ Burger ၊ Smoothie နှင့် အခြားအစားအစာများတွင် အလှဆင်စားသုံးရန် အသုံးများလာသည်။
လတ်ဆတ်သော စိမ်းစိမ်းစိုစိုနေကြာပင်ပေါက်များကို ၁၅၀ ဂရမ်လျှင် ကျပ် ၄၀၀၀ မှ ၅၀၀၀အထိ ရောင်းချနေကြပြီး အရည်အသွေး၊ ထုပ်ပိုးပုံနှင့် ရောင်းချသည့်ဒေသပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှု ရှိနိုင်ပါသည်။ ထို့အပြင် Facebook Page များ၊ Online Marketplace များနှင့် စိုက်ပျိုးသူမှစားသုံးသူသို့ တိုက်ရိုက်ရောင်းချသည့် စနစ်များကို အသုံးပြု၍ ဈေးကွက်ချဲ့ထွင်လာကြသဖြင့် Sunflower Microgreens စိုက်ပျိုးသူများအတွက် အရောင်းအဝယ်အခွင့်အလမ်းများ ပိုမိုများပြားလာနေကြောင်း သိရှိရပါသည်။
Source: https://www.doca.gov.mm